အဆစ်အမြစ်ကိုက် ဂေါက်ရောဂါအကြောင်း
ဂေါက်ရောဂါ လက္ခဏာများ
- အဆစ်တွေ အပြင်းအထန် ကိုက်ခြင်း - ခြေမမှာ အဖြစ်များပေမဲ့ ဘယ်အဆစ်မှာမဆို (ခြေချင်းဝတ်၊ ဒူး၊ တံတောင်၊ လက်ကောက်ဝတ်နဲ့ လက်ချောင်း) တွေမှာ ဖြစ်နိုင်ပါတယ်။ နာကျင်ကိုက်ခဲတာဟာ စဖြစ်ဖြစ်ချင်း ၄-၁၂ နာရီအတွင်းမှာအကိုက်ခဲဆုံး ဖြစ်နိုင်ပါတယ်။
- မအီမသာ ဖြစ်ခြင်း - ဆိုးဝါးတဲ့ ကိုက်ခဲမှုတွေ ပျောက်သွားပေမဲ့ အဆစ်အမြစ်နေရာတွေမှာ ရက်အနည်းငယ်ကြာ၊ အပတ်အနည်းငယ်ကြာတဲ့အထိ သက်တောင့်သက်သာ မရှိပါ။ နောက်ပိုင်းမှာ ကိုက်ခဲချိန်ပိုကြာလာတတ်ပြီး ကိုက်တဲ့အဆစ်အမြစ်တွေလည်း ပိုတိုးလာတတ်ပါတယ်။
- နီမြန်းယောင်ယမ်းခြင်း
- အဆစ်လှုပ်ရှားမှု မကောင်းခြင်း တို့ဖြစ်ပါတယ်။
ဂေါက်ရောဂါ ရဲ့ အကြောင်းအရင်း
အဆစ်အမြစ်တွေမှာ urate crystals တွေ စုပုံလာတဲ့အခါ ပြင်းထန်တဲ့ ယောင်ယမ်းကိုက်ခဲခြင်းကို ဖြစ်ပေါ်စေပါတယ်။ Urate crystals တွေဟာ သွေးတွင်းမှာ uric acid ပမာဏများရင် အစိုင်အခဲအဖြစ် စုပုံလာတယ်။ uric acid ကို ခန္ဓာကိုယ်ကနေ Purine ဆိုတဲ့ပစ္စည်းကနေ ဖြိုခွဲထုတ်လုပ်ပေးနိုင်သလို အနီရောင်ရှိတဲ့အသား၊ ကလီစာတွေ (ဥပမာ အသည်း)၊ ငါးပါးနီ၊ ငါးသေတ္တာSardine ငါး၊ တူနာ၊ ယောက်သွား၊ ကမာ၊ ရေချိုထရော့ငါး၊ ဘီယာ၊ fructose သကြားပါတဲ့ ဖျော်ရည်စတဲ့ အစားအသောက်တွေမှာလည်း ပါဝင်ပါတယ်။
ပုံမှန်ဆိုရင် သွေးထဲမှာ uric acid က ပျော်ဝင်သွားတယ်။ ပြီးရင် ကျောက်ကပ်ကနေ ဆီးအဖြစ် စွန့်ထုတ်လိုက်တယ်။ ခန္ဓာကိုယ်မှာ uric acid တွေများနေရင် (သို့) ကျောက်ကပ်အားနည်းလို့ uric acid အနည်းငယ်ကိုသာ စွန့်ထုတ်နိုင်တော့ရင် အဆစ်တွေနဲ့ အနီးအနားက တစ်ရှူးတွေမှာ urate အစိုင်အခဲတွေ စုလာကာ အဆစ်တွေယောင်ကိုင်းကိုက်ခဲစေပါတယ်။
ဖြစ်နိုင်ချေများ
- uric acid များတဲ့ အစားအစာတွေ စားရင်၊ ဘီယာအသောက်များရင်
- ကိုယ်အလေးချိန်များရင်
- သွေးတိုးရောဂါ၊ဆီးချိုရောဂါကို ကောင်းစွာ မကုရင်၊ အဝလွန်ရင်၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ ရှိရင်
- ဆေးဝါးများ (aspirin သွေးကျဲဆေး၊ သွေးပေါင်ကျဆေးများ တွေဖြစ်တဲ့ ဆီးဆေးနဲ့ နှလုံးခုန်နှုန်းကို နည်းစေတဲ့ Beta blockers၊ အင်္ဂါအစားထိုးထားတဲ့သူတွေမှာ သောက်ရတဲ့ ဆေးများ)
- မိသားစုမျိုးရိုးထဲမှာ ဂေါက်ရောဂါရှိရင်
- လက်တလော ခွဲစိတ်ထားရင်၊ ထိခိုက်မိထားရင် ဖြစ်တတ်ပါတယ်။
အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေက သွေးဆုံးပြီးရင်ဖြစ်တတ်ပြီး အမျိုးသားတွေမှာတော့ အသက် ၃၀-၅၀ အတွင်းမှာလက္ခဏာစပြတတ်ပါတယ်။
နောက်ဆက်တွဲလက္ခဏာများ
- ဂေါက်ရောဂါဟာ ပြန်ဖြစ်တတ်ပါတယ်။ ဆေးဝါးတွေနဲ့ မဖြစ်အောင်ကာကွယ်ရပါတယ်။ အစားရှောင်ရပါတယ်။မကုဘဲထားရင် အဆစ်အမြစ်တွေ ပျက်စီးလာနိုင်ပါတယ်။
- ဂေါက်ရောဂါရင့်လာရင် Tophi လို့ခေါ်တဲ့ အဆစ်ပတ်လည် အရေပြားမှာ (ခြေချောင်း၊ လက်ချောင်း၊ လက်ဖဝါး၊ ခြေဖဝါး၊ တံတောင်၊ ခြေမျက်စိ၊ ခြေချင်းဝတ်နောက်ဖက်) မှာ အလုံးကြီးတွေ ပေါ်လာတတ်ပါတယ်။
- ကျောက်ကပ်မှာပါ urate အစိုင်အခဲတွေ စုပုံပြီး ကျောက်တည်လာတတ်ပါတယ်။
ရေးသားသူ - Dr. May Myat Tun